Monday, August 19, 2013

"သူတော်ကောင်း အယောင်ဆောင်သောသူသည် ယုတ်မာဆုံးသူဖြစ်၏"


 
"ကြောင်သူတော် ကြွက်သူခိုး" "ဒေါင်းယောင်ဆောင်သော ကျီး"စသော ရှေးပညာရှိတို့၏ ဆုံးမစာ ဆိုးရိုးစကားပုံတွေဟာ သီလ၊သမာဓိ၊ပညာ၊မေတ္တာ၊ကရုဏာ စသော သူတော်ကောင်းတို့၏ အကျင့်တရားများကို မိမိမှာ မရှိပါပဲလျက် လှည့်စားလိမ်ညာ ကျောက်ကျစ်စွာဖြင့် ရှိယောင်သိယောင် အယောင်ဆောင်တတ်ကြသော သူတို့အား ပုံပမာပြု၍ ထွက်ပေါ်လာသည့် စကားပုံများပဲဖြစ်ပါတယ်။

အယောင်ဆောင် ဆိုကတည်းက အစစ်အမှန်မဟုတ်ကြတာကတော့ အသေအခြာပါပဲ၊ ထိုသူတို့သည် အကြောင်းမဲ့ အယောင်ဆောင်ကြခြင်းမဟုတ်ပဲ၊ ၄င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မသိနားမလည်ကြသောသူများ၊ နှင့် တဖက်သတ်အမြင်ရှိကြသည့် လူ့ဖျင်းလူညံ့တို့အား အသုံးချကာ ကိုယ်ကျိုးရှာနေကြခြင်းပင်ဖြစ်ပါတယ်။

အသိတရာစဉ်းးစားဉာဏ်ရှိသူတို့မှာ အယောင်ဆောင်လူလိမ်တို့အား မယုံကြည်ကြသော်လည်း အသိကင်းမဲ့သူတို့၏ ယုံကြည်မှု၊လိုက်နာကျင့်သုံးမှုများကြောင့် အနည်းနဲ့အများတော့ ၄င်းအယောင်ဆောင်တို့၏ ကောက်ကျစ်မှုဒဏ်ကို ခံစားကြရလေ့ရှိပါတယ်။

ထိုအယောင်ဆောင်မှုအား ယုံကြည်ကြသူများသည်လည်း မိမိတို့ မျော်လင့်သကဲ့သို့ အေးချမ်းသာယာမှုကို မရကြပဲ လှော်ရင်း မြုတ်ရင်းဖြစ်ကြရပါတယ်။ ရှင်ဒေ၀ဒတ်သည် ဘုရားဖြစ်ရန် ကျင်ကြံခြင်း အားထုတ်ခြင်း မရှိပါပဲ ဘုရားရာထူးကို အချောင်လိုချင်တာကြောင့်။ သူတော်ကောင်းအယောင်ဆောင်ကာ မသိနားမလည် ပညာမကြွယ်သည့် အဇာတသတ်မင်းအား အယုံသွင်းခဲ့ခြင်းပင်ဖြစ်၏။

သူတော်ကောင်းအယောင်ဆောင် ဒေ၀ဒတ်၏ အယောင်ဆောင်လှည့်ဖြားမှုကို ယုံးစားမိခဲ့သူ အဇာတသတ်မင်းသားဟာ မသူတော်လမ်းစဉ်ကိုလိုက်ပြီး အမှားကြီးမှားမိခဲ့ခြင်းပင်။

ထိုအယောင်ဆောင်တတ်သူ အယောင်ဆောင်သူအား ယုံကြည်သူတို့သည် ၄င်းတို့ကိုယ်တိုင်ကိုပင် ပူလောင်ဆင်းရဲစေတာမဟုတ်ပဲ အပြစ်မဲ့သူ ပတ်ဝန်ကျင်ကိုပါ ကူစက်လောင်ကျွမ်းစေပါတယ်။
ထို့ကြောင့် "သူတော်ကောင်းအယောင်ဆောင်သောသူသည် လောကမှာ အယုတ်မာဆုံးသောသူများဖြစ်၏"၏ဆိုခြင်းဖြစ်၏။

မှန်ပါတယ်။ လောကမှာ လူယုတ်မာကို လူယုတ်မာမှန် သိရလျှင် မဆက်ဆံပဲ နေနိုင်ကြမည်ဖြစ်သော်လည်း။ လူယုတ်မာက သူတော်ကောင်းအယောင်ဆောင်နေသောသူများကိုကား သိမြင်ဖို့ရန် မလွယ်ကူပေ။
ထိုသို့သော အယောင်သူများအား အားကိုးယုံကြည်ကာ "ခေါင်းဆောင်"တင်မိလျှင်တော့ ထိုအမှားသည်ကား ပြုပြင်ဖို့ရန် လွယ်ကူတော့မည် မဟုတ်တော့ချေ.။

ထို့ကြောင့် သူတော်ကောင်းအယောင်ဆောင် ကြောက်စရာအကောင်းဆုံးသော လူယုတ်မာတို့အား အသိ၊သတိ၊ပညာ မျှတစွာဖြင့် မြင်အောင်ကြည့်ကာ ရှောင်ကွင်းပြီး ပစ္စုပ္ပန်၊တမလွန် နှစ်တန်သော ချမ်းသာအကျိုး သည်ပိုးနိုင်ကြပါစေ..........။ ။
===================

ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊ အိန္ဒိယ
www.ashintejaniya.com

Tuesday, August 13, 2013

"သီရိလင်္ကာကေ" (စာသင်ဘ၀ဟဒယ)


နိုင်ငံခြားတိုင်းပြည်များကိုကြွရောက်ပြီး ပညာတော်သင်ကြားကြသည့် သံဃာတော်တွေကို လူတော်တော်များများကပိုက်ဆံပေါတယ်ဆိုပြီးတော့အထင်ရှိကြပါတယ်၊နိုင်ငံခြားကိုပညာတော်သင်လာကြတဲ့သံဃာတော်တိုင်းပိုက်ဆံချမ်းသာလို့လာကြတာမဟုတ်ပါဘူး။ခေတ်မှီဗုဒ္ဓပညာရပ်တွေကို ဆည်ပူးသင်ယူပြီး အမိနိုင်ငံတော်မှာ ပြန်လည် ဖြန့်ဖြူချင်ကြလို့သာ အစားအသောက် အနေအထိုင်ပင်ပန်းဆင်းရဲခံပြီးတော့သူတပါးတိုင်ပြည်တွေမှာသွားရောက်ပညာတော်သင်ကြားနေကြတာဖြစ်ပါတယ်။ တချို့သော ဆရာတော်များကတော့ ရှေ့ဘုန်း ရှေ့ကံ ကောင်ကြလို့ ငွေရေးကြေးရေ မပူပင်ရပေမဲ့ အများစုကတော့ အတော်ကိုရုန်ကန်ပြီးမှ လာကြရတာများပါတယ်။ အဲဒီလို ရုန်းကုန်ပြီး ပညာတော်သင်လာခဲ့တဲ့အထဲမှာ ကျုပ်တို့ရဲ့မိတ်ဆွေကြီး ကိုဣန္ဒာစရိယရဲ့ အဖြစ်ကတော့ တကယ်ကို ပြောစမှတ်တွင်လောက်တယ်။

ကိုဣန္ဒာစရိယကအထက်အညာသားဇာတိကမန္တလေးတိုင်း၊ငန်းဇုန်မြို့နယ်၊စီထိန်းရွာသားပေါ့၊ငယ်ငယ်ကလေးဘ၀ကတည်ကကိုရင်ဝတ်ပြီးကတည်းကသာနာ့ဘောင်မှာပျော်မွေ့ပြီးမထွက်တော့တာ၊ အရွယ်ရောက်လို့စာသင်လိုက် စာမေပွဲတွေ အလီလီအောင်ပြီး ဗုဒ္ဓတက္ကသိုလ်(မန္တလေး) ကနေတောင် ဓမ္မာစရိယ ဘီအေ ဘွဲကြီးကိုတောင်ဆွတ်ခူးနိုင်ခဲ့လို့ ဆရာဘုန်းကြီးနဲ့ ခမည်တော်။မယ်တော်အပါအ၀င် တရွာလုံးပျော်မရှုံး ဂုဏ်ယူလို့မရှုံးဖြစ်နေကြတယ်ပေါ့။

ကိုဣန္ဒာကြီးကလည်းစာကြိုးစားချင်စိတ်ရှိတယ်ဒီနေနဲ့ရပ်မနေချင်ပဲသီရိလင်္ကာကိုသွားပြီးအမ်အေဘွဲအတွက်စာသင်ချင်သေးတယ်၊ ဒါပေမဲ့ ခက်တာက ပညာသင်စရိတ်ကများလွန်းတော့လည်း အခက်တွေ့နေတယ်၊ ဒီအကြောင်းကို ဆရာဘုန်းကြီးကို လျှောက်ပြတော့ ဆရာဘုန်းကြီးက အားရ၀မ်းသာ သွားဖို့တိုက်တွန်တယ် ``ငါ့တပည့်ကြီး သွားမှာသာသွားစမ်းပါ ငွေရေးကြေးရေး ဘာမှမပူနဲ့ ဒီလိုနိုင်ငံခြားကိုသွား ပြီး ပညာသင်ခွင့်ရဘို့ဆိုတာလွယ်တာမှမဟုတ်တာ မင်းသွားဘို့လာဘို့သာ လုပ်တော့ ကျန်တာငါ့တာဝန်ထား ´´ လို့ အားပေးချီမြှောက်တာကြောင့် ပတ်(စ်)ပို့ တွေ ဗီဇာတွေလုပ်ဖို့ ရန်ကုန်ဆင်းလာပြီး လုပ်စရာအားလုံးပြီးလို့ သွားဘို့ ရယ်ရီဖြစ်နေပြီဆိုတော့မှ ရွာကိုပြန်လာတယ်၊ ရွာရောက်တော့ ဆရာဘုန်ကြီးနဲ့ ရွာက ဒကာဒကာမတွေက ပညာသင်စရိတ်ဝိုင်းလှုကြတယ် ၊ကိုဣန္ဒာစရိယကလည်း ရွာကဒကာ ဒကာမတွေကိုသနားလို့ ပိုက်ဆံကို အလှုမခံချင်ဘူး ဒါပေမဲ့ ဆရာဘုန်းကြီးက ရွာသားတွေအားလုံး ကုသိုလ်ရအောင်ဆိုပြီးစီစဉ်တာမို့ အသာပဲနေလိုက်ရတယ်၊ဒီလိုနဲ့ နိုင်ငံခြားကိုသွားခါနီး တော့ တရွာလုံး ကလေးလူကြီးမကျန် လာရောက်ကန်တော့ နှတ်ဆက်ကြတာပေါ့။

အဲဒီထဲမှာနေရာတကာစပ်စပ်ပါတဲ့`ကိုပေါက်´ဆိုတဲ့ဒကာကလဲလာရောက်ကန်တော့နှတ်ဆက်ပြီးတော့လျှောက်တယ် ဆရာတော်ရေ သူများနိုင်ငံမှာ ကျမ္မာရေးလဲ ဂရုစိုက် စာလလည်းကြိုးစားနော် ဦးဇင်ခုလို နိုင်ငံခြားကိုပညာတော်သင်သွားရတာ တပည့်တော်တို့ တစ်ရွာလုံး ၀မ်းသာဂုဏ်ယူလို့ကိုမဆုံးဘူး၊တပည့်တော်တို့ ရွားနားတစ်ကြောမှာတော့ခုဆို တပည့်တော်တို့ရွာ အရမ်းမျက်နှာပွင့်နေတယ်ဘုရား။ ဦးဇင်းလဲ သီရိလင်္ကာကြွ တပည့်တော်တို့တစ်ရွာလုံးက ဒကာမတွေလည်း အကုန်လုံး `သီရိလင်္ကာကေ´တွေချည်းပဲဖြစ်ကုန်ပြီဘုရား။

ဒကာတော် ကိုပေါက်က အဲလိုလဲလျှောက်ကော ကိုဣန္ဒာ မျက်စေ့လည်သွားတယ် ဟုတ်တယ်လေလွင်မိုးကေ၊နေတိုးကေလို့ပဲကြားဘူးသာ`သီရိင်္လာကေ´လို့မှမကြားဘူတာလေ၊ဒါကြောင့် ဒကာ ကိုပေါက်ကို နာရှင်အောင်ထပ်မေးရတယ်၊``နေပါဦး ဒကာပေါက်ရယ် ဦးဇင်တော့ သီရိလင်္ကာကေလို့တော့ မကြားဖူးပါဘူး ရှင်းပြစမ်းပါဦး သီရိလင်္ကာကေ ဆိုတာဘာကိုပြောတာလဲ´´ လို့မေးတော့ ``ဟုတ်တယ် ဘုရား ဦးဇင်သီရိလင်္ကာကို ပညာတော်သင်ကြွမယ်ဆိုတော့ တပည့်တော်တို့ တစ်ရွာလုံး ပညာပါရမီဖြစ်အောင် တတ်နိုင်သ၍လေးတော့ လှုချင်တာပေါဘုရား ဒါပေမဲ့ သီနှံကလဲပေါ်ချိန်ရောချိန်မဟုတ်တော့ လက်ထဲမှာငွေမရှိကြဘူးလေ ဒါကြောင့်ကြံရာမရဖြစ်ပြီးပြီး တစ်ရွာလုံးရှိသမျှ အမျိုးသမီးတွေ ခေါင်းက ဆံပင်ရောင်းပြီးလှုကြလို့ တစ်ရွာလုံး သီရိလင်္ကာကေ ဖြစ်ကုန်တာပါဘုရား´´ ဒကာပေါက်ရဲ့ လျှောက်ထားတဲ့စကားကြောင့် ကျုပ်တို့ ကိုဣန္ဒာကြီးချမျှာ `ဟေ´လို့သာ တစ်လုံးလဲ ပြောပြီး ဒကာမတွေကို ဝေ့ကြည့်လိုက်တော့ ဟုတ်တယ်တရွားလုံးရှိသမျှ ဒကာမတွေးအားလုံး ခေတ်မီနောက်ဆုံးပေါ် ``သီရိလင်္ကာ ဆံပင်ကေ´´လေးတွေ ကိုယ်စိနဲ့လေ………။


(ဘ၀အမော တခဏသာပဲဖြစ်ဖြစ် ပြေပျောက်နိုင်ကြပါစေ)



ဓမ္မ၀ီရ အရှင်တေဇနိယ

ကိုလံဘို၊သီရိလင်္ကာ

Wesite; www.ashintejaniya.com